ကျန်တော် ငယ်ငယ်ကတည်းက အေးတာကို ကြိုက်တယ်။ အပူဒါဏ်ကို မခံနိုင်လို့ နွေရက်တွေဆို ရေကူးလွန်းတာကြောင့် “သား မင့် မိကျောင်းသေလို့ ဝင်စားတာဖြစ်ရမယ်” တဲ့ နှုတ်ခမ်းစူရင်း မေမေပြောတာ ခံခဲ့ရတယ်။ အဲဒီလို ပြောရင် ကျန်တော်က မေမေ့အနားကပ် သွားဖြဲ ပြပြတတ်တာကိုလည်း မှတ်မိနေသေးတယ်။ ဒီတစ်ဆောင်း ဆယ်ရက်ခရီးမှာလည်း အိပ်ချင်တယ်ဆိုရင် အဆောင်ထဲမှာ ထွေးနွေးစွာ အိပ်လို့ရပေမဲ့ အသင့်ပါလာတဲ့ မိုးကာတဲလေးကို အကာမကွယ်မဲ့တဲ့ နေရာမှာ စခန်းချရင်း အိပ်မိနေခဲ့တယ်။
ပထမတစ်ရက် မနက် ၃.၁၅ မိနစ်အချိန်မှာ နိုးလာတော့ နှင်းငွေ့တွေက မိုးကာတဲကို ထိုးဖောက်ဝင်ပြီး ကျန်တော့ ကိုယ်ကို အေးစက်စေခဲ့တယ်။ သတိမထားမိဘူး။ အအေးပတ်မှာကို။ ကြိုက်တာကိုး။ ဒုတိယ တစ်နေ့မှာတော့ ပိုဆိုးလာတယ်။ မနက် ၄.၀၅ မိနစ်မှာ နိုးတော့ ဆောင်းထားတဲ့ ခေါင်းစွပ်၊ ခြုံထားတဲ့ စောင်ပါ စိုရွဲ့နေတာပဲ။ တစ်ကိုယ်လုံးလည်း ရေခဲ့တုံးအလား အေးစက်နေတယ်။
နေ့လည်ပိုင်းမှာ ကိုယ်ပူလာပြီး နှာစေး ချောင်းဆိုးလာတယ်။ နေမကောင်းဖြစ်ပြီလေ။ အဲဒါနဲ့ တတိယ ညမှာ တဲလေးကို ကုက္ကိုပင်ကြီးအောက် ပြောင်းအိပ်လိုက်ရတယ်။ ဒီလိုနဲ့ ၁၅ ရက်နေ့ ဆယ်ရက်ခရီးပြီးလို့ တက္ကသိုလ်ထဲကို ပြန်ရောက်ခဲ့တယ်။ ညနေကတည်းက နေမကောင်းခဲ့ဘူး။ ၁၆ ရက်နေ့ မနက်ပိုင်းမှာတော့ အသက်ရှူကျပ်လာတာနဲ့ အရေးပေါ်ခန်းမှာ ခြောက်နာရီလောက် ကုသခဲ့နေခဲ့ရတယ်။ အခုထိ ရေတောင် မချိုးရဲသေးဘူး။ ဒါနဲ့ပဲ ကဗျာမဟုတ်ကဲ့ ဒီကဗျာ ကို ရေးချမိလိုက်တယ်။
ငယ်ငယ်ကတည်းက
“အေး” တာကို
ကြိုက်လွန်းလို့
လေပြည်ရယ်
ငွေနှင်းရယ်နဲ့အတူ
အအေးဓာတ်ကို
သယ်ဆောင်ပေးတဲ့
ဆောင်းဟာ
ကျန်တော့ ချစ်သူ
ဖြစ်ခဲ့တယ်။
ဆောင်းရက်တွေမှာဆို
နှင်းမြူတွေနဲ့အတူ
လမ်းလျောက်ရ
စကားပြောရ
ရယ်မောရင်းနဲ့
ထိုနေ့တွေကို
ပျော်စရာ နေ့တွေအဖြစ်
မှတ်တမ်းထဲ ရေးခဲ့သေး။
ဒါပေမယ့်.....
ဒီတစ်ဆောင်းမှာတော့
နှင်းကို ချစ်လို့
ပွေ့ဖက် နမ်းရှိုက်
အတူအိပ်လိုက်
မိတာကြောင့်
အတွင်းကလိဇာ
အဆုပ်ကိုထိ
အရေးပေါ် ခန်းမထဲမှာ
ခြောက်နာရီကြာ
ကုသခံနေခဲ့ရ။
အိုး...ဘယ်တုန်းက
အညှိုးတွေနဲ့ ...
ရက်စက်တာလဲ။
နှင်း ရေ....
မင်း ကျီစယ်တာ
လွန်လွန်းတယ်..။
အားလုံးကို လေးစားလျက်..
တော်ဝင်ထွန်း
၁၈.၁၂.၂၀၀၉
No comments:
Post a Comment